HomeMovies Blogger Saw Eh Lor News Health Dictionary
. .
Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Wednesday, 1 February 2012

အချစ်


ဆင်းရဲသားတစ်ယောက် သူဌေးသမီးတစ်ယောက်ကို ချစ်မိသွားတယ် ။ တစ်နေ့တော့ ဆင်းရဲသားလေးက သူမကို လက်ထပ်ခွင့်တောင်းတယ် ။ ဒီတော့ သူဌေးသမီးကပြန်ပြောတယ် ။

“ ဒီမယ် နားထောင် ရှင့်ရဲ့ တစ်လစာ ၀င်ငွေရဲ့ ကျွန်မရဲ့ တစ်နေ့စာ အသုံးစရိတ်ပဲရှိတယ် အဲဒီလိုလူမျိုးနဲ့ ကျွန်မ ပတ်သတ်ရမလား ရှင်ဘယ်လိုအတွေးမျိုးကိုတွေးနေတာလဲ ကျွန်မ ဘယ်တော့မှ ရှင့်ကိုမချစ်နိုင်ဘူး ဒါကြောင့် ကျွန်မကိုမေ့ပြီး ရှင်နဲ့အဆင့်အတန်းခြင်းတူတဲ့တစ်ယောက်ကိုရွေးချယ်လိုက်ပါ ” တဲ့ ။

အဲဒီလို ရင့်ရင့်သီးသီးပြောခဲ့ပေမယ့် ဆင်းရဲသားလေးက သူဌေးသမီးလေးကို လွယ်လွယ်နဲ့ မေ့မရနိုင်ခဲ့ဘူး ။

ဆယ်နှစ်ကြာပြီးနောက်-------

တစ်နေ့မှာ သူတို့ နှစ်ယောက် ရှော့ပင်းစင်တာကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ် ။ သူဌေးသမီးကပြောတယ် “ ဟေး...ရှင် အဆင်ပြေလား အခု ကျွန်မ အိမ်ထောင်ကျသွားပြီ ကျွန်မ အမျိုးသားလစာက တစ်လ ဘယ်လောက်ရတယ်လို့ ရှင်ထင်သလဲ ? တစ်လကို ၃ သိန်းတောင်ရတယ်ရှင့် ရှင်အံ့သြသွားသလား သူက အရမ်း စမတ်ကျတယ် ”

ကောင်လေးရဲ့ မျက်ဝန်းမှာ အဲဒီလိုစကားတွေကြားပြီးတော့ မျက်ရည်တွေနဲ့စိုစွတ်သွားတယ် ။

နောက်မိနစ်အနည်း ငယ်မှာတော့ သူမရဲ့ ယောင်္ကျားထွက်လာပါတယ် ။ သူဌေးသမီးက ကောင်လေးကို ဘာမှ မပြောသေးခင် သူ့ခင်ပွန်းက နေပြီး ကောင်လေးကို စတင်နှုတ်ဆက်လိုက်တယ် ။

“ ရောက်နေပြီလားဆရာ ဒါကျွန်တော့်ဇနီးပါ ” တဆက်တည်းမှာပဲ ကောင်လေးက သူ့မိန်းမ ကိုလှည့်ပြောလိုက်တယ် ။ “ ငါက ဒီဆရာရဲ့ ပရောဂျက်မှာ အကူဝင်လုပ်နေတာပေါ့ ဆရာက ငါတို့ သူဌေးလေ သန်းပေါင်းများစွာ ချမ်းသာတယ် ဟိုးအရင်က ဆရာက ကောင်မလေးတစ်ဦးကို ချစ်ခဲ့တယ် ဒါပေမယ့် သူ မရခဲ့ဘူး အခုချိန်ထိ ဆရာက လူပျိုကြီးလေ လက်မထပ်ရသေးဘူး မဖြစ်နိုင်ဘူးမဟုတ်လားမိန်းမရ အခုလို ချိန်မှာ ဆရာ့လို ချစ်တတ်တဲ့သူ ရှိနိုင်ပါဦးမလား ”

############################################

ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ ဒါကြောင့် သင့်ကိုယ်သင် အထင်မကြီးလွန်းပါနဲ့ တခြားသူတွေအပေါ် နှိမ့်ချမဆက်ဆံပါနဲ့ ။ အချိန်တိုင်းမှာ အရာရာဟာ အမြဲပြောင်းလဲနေတယ် ။ လူတိုင်းလူတိုင်းဟာ တဖက်သားက ကိုယ့်ကို ချစ်တဲ့အချစ်ကို တန်ဖိုးထားသင့်တယ် ။

သက်တန့်ချို

Thursday, 26 January 2012

Living Together And Social Problems

ယနေ့ခေတ်ကြီးမှာ အရာရာဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်း များစွာ ဖွံ့ဖြိုး တိုးတက်လျှက်ရှိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ၊ အားနည်းချက်တွေဟာလည်း နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်ပါတယ် ။ ကဲ ဒီတော့ ဒီနေ့လူ မှုရေး ကွန်ယက် ကြီးအတွင်း အင်တာနက်တွေဂျီတော့ခ်တွေ VZO တွေ အလွယ်တကူ သုံးနေနိုင်ပြီဖြစ်တဲ့ ခေတ်ကြီးမှာ ဘာကြောင့်အားနည်းချက်တွေရှိနေသလဲ ၊ ဘာတွေလိုအပ်နေသေးလဲဆိုတာ ကျွန်တော်တို့အား လုံးလေ့ လာ ကြည့်ကြရအောင် ။ ယနေ့ခေတ်ကြီးမှာ ရေပန်းစားနေတဲ့ ဝေါဟာရတစ်ခုရှိပါတယ် ။ " Living Together " တဲ့ .. မြန်မာ လိုပြောရရင် လက်မထပ်ပဲ အတူနေထိုင်ခြင်းပေါ့ ။ ဒီထက်ပိုပြီး ရှင်းရရင် လက်မထပ်ပဲ လင်စုံမယား ဖက် ပေါင်းသင်းနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် ။




ဟိုးယခင်ကတော့ Living Together ဟာ မြန်မာလူမျိုးတွေနဲ့အတော်လေး စိမ်းနေခဲ့ပါတယ် ။ အခုတော့ လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ ရေပန်းစားလို့လာခဲ့ပါပြီ ။ အနောက်တိုင်းနိုင်ငံတွေမှာLiving together အပေါ် ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ် ။ ကဲဒါဆို ကျွန်တော်တို့ကရော Living together အပေါ် ဘယ်လိုမြင်ပါသလဲ ???? ။ နှစ်ဦးနှစ်ဖက်လုံးက လည်း သဘော တူတယ် အခြေအနေအရပ်ရပ်ကလည်း အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ ၊ မှတ်ချက်ချစရာမရှိပါဘူး ။ ဒီနေရာမှာ အပိုင်း ၂ပိုင်းဖြစ်သွားပါပြီ ။





၁ ။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း

“ အိုဗျာ.. အတူနေဖို့တောင် ညှိပြီးပြီပဲ နှစ်ယောက်လုံး သဘောမတူတာမျိုးရှိပါ့မလားဗျာ ” လို့ မေးစရာရှိပါတယ် ။ အဲဒါကတော့ အကျပ်ကိုင်ခြင်းပဲပေါ့ ။ ယောင်္ကျားလေးဖက်က“ နင်ငါ့ကို တကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့ လိုက်လျောပေးပါ ” လို့ အကျပ်ကိုင်လာလို့ရှိရင် “ နင်ငါ့ကို တကယ်ချစ်တာ ဟုတ်ရဲ့လားဟာ ဒါဆိုငါနဲ့အတူနေမှ နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင် သာမန် အချစ်ကြီးတဲ့ မိန်းကလေး ၊ ချစ်သူအတွက် ဆို ဘာမဆို ပေးလိုက်မယ်လို့ ခံယူထားတဲ့ မိန်းကလေး ၊ စိတ်ပျော့လွယ်တဲ့ မိန်းကလေး ကတော့ ခေါင်းညှိတ်မိမှာအမှန်ပါပဲ ။ ဒီနေရာမှာ လက်ထပ်ပြီးမှ အပျိုစင်ဘ၀ကို ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေး တစ်ယောက်က ငြ်းလိုက်ပြီဆိုရင် ပြဿနာရှိလာပါပြီ ။ မိန်းကလေးကလည်း ပြတ်သားဖို့ လိုလာ ပြီပေါ့ ။ ငါ့ကိုတကယ်ချစ်တာလား ၊ ကာမ ကိုလိုချင်တာလားဆိုတာ ခွဲတတ်ဖို့လိုပါတယ် ။ တစ်ခုမှာချင်တာက မိန်းကလေးတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာ ချစ်မိတဲ့ ယောင်္ကျားလေး တစ်ယောက် အဖို့ အဲဒီမိန်းကလေးဆီက ဘာမှလိုချင်တောင့်တမှု မရှိပါဘူး ။ သူ့ကို အမြဲဖြည့်ဆည်းပေးချင်တဲ့စိတ် သူပျော်နေ တာကိုပဲ မြင်ချင်တဲ့ စိတ်ကလေးသာ ရှိပါလိမ့်မယ် ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီလို့ ဖြစ်မြောက် သွားတဲ့Living together တွေရှိသလို တစ်ဖက်က အတင်းအကျပ်ကိုင်လို့ မတတ်သာလို့ (သူမချစ်ဘူးလို့ ထင်သွားမှာစိုးလို့ ) အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together တွေလည်းရှိပါလိမ့်မယ် ။

၂ ။ အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living together နေဖို့ဆိုရင် အခြေအနေအရပ်ရပ်က အဆင်ပြေမှသာလျှင် ဖြစ်မြောက်နိုင်မှာပါ ။ နိုင်ငံခြားမှာ မိဘကွယ်ရာမှာ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို မဆိုလိုပါဘူး ။ မြန်မာနိုင်ငံအတွင်းမှာဆို မိဘ အလစ် လည်းဖြစ်ရဦးမယ် ။ ဥပမာ မိဘက ခရီးသွားနေတာမျိုး ၊ ဒါမှမဟုတ် အလုပ် (သို့မ ဟုတ်) ကျောင်းပြေးပြီး ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကို ဆိုလိုတာပါ ။ ဒါမှမဟုတ် နယ်ကေ န မြို့တက် ပြီးတစ်ယောက် တည်းရပ် တည်နေ ရတဲ့သူမျိုး ။ ဇတ်လမ်းတွေကတော့ အမျိုးစုံရှိကြမှာပါ ။ မိုးက ရွာ မှောင်က လည်းမှောင်မိုးခိုရင်း ဟော်တယ်မှာ ရင်ခွင်ထဲ ရောက်သွားတဲ့သူတွေ ၊ သင်္ကြန် မှာ လျှောက် လည်ရင်း ချမ်းလွန်း လို့ အချမ်းပြေ ဘီယာလေးသောက် ဟိုတယ် ၊တည်းခိုခန်း ခဏရောက် သွားတဲ့အဖြစ်တွေ အများကြီးရှိကြမှာပါ ။

Living Together ၏ကောင်းကျိုးများ

သိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး ။ အလွန်ဆုံး ၁ နာရီလောက် အတူနေပြီးတဲ့နောက် မှာ နှစ်ယောက် စလုံးရဲ့ သံယောဇဉ်တွေ ပိုပြီး ခိုင်မာလာမယ်လို့ သင်ထင်ပါသလား ။ နိုင်ငံခြားတိုင်းပြည်အနေနဲ့ကြည့်ရင်တော့ လက်မထပ်သေးပဲ Living together နေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ လေ့လာနိုင်မယ် ။ ဒီအတောအတွင်း သဘောထားခြင်းမတိုက်ဆိုင်ရင် လမ်းခွဲကြမယ်ပေါ့ ။ ပြဿနာမရှိဘူး သူတို့ဆီမှာက ဒီ sex ကိစ္စသည် ဒီလောက်ကြီး အရေးတယူရှိတဲ့ ကိစ္စတော့မဟုတ်လှဘူး ။ ဒါကြောင့် တချို့ဆို ကလေးတွေ ဘာတွေရပြီးမှလက်ထပ်တာမျိုးလည်း ရှိတာပေါ့ ။ သူ့အယူအဆနဲ့သူ ၊ သူ့အိုးနဲ့သူ့ဆန် တန်နေတာပါပဲ ။

Living together ၏ ဆိုးကျိုးများ

မှတ်ရလွယ်အောင် အချက်ကလေးတွေစဉ်ပြီး ကြည့်ရအောင် ။

၁ ။ အပျိုစင်ဘ၀ကို ယူပြီးသွားတော့ ချစ်သူကကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုး ကြုံရနိုင်ပါတယ် ။ (ဒါကြောင့် ခက် ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့ )

၂ ။ တနည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက် ၊ သိက္ခာ ကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ ။ အထူးသဖြင့် မိန်း ကလေးတွေမှာပေါ့ ။

၃ ။ ကိုယ်က အပျိုစင်ဘ၀ပေးပြီးတော့ သူ့ဖက်က ကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ် ။ အမြဲတမ်းစိတ်ပူနေရတတ်ပါတယ် ။ နောက်ဆုံး depressionအထိရနိုင်ပါတယ် ။

၎ ။ Living together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ် ။

၅ ။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့်မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဖက်ကို ဦးတည်ကြမှာပါ ။ ဒီအခါ အပစ်မရှိတဲ့ အသက်တွေသေကြရဦးမယ် ။

အထက်ပါ ငါးချက်ဟာ အကြမ်းဖျဉ်း ယေဘူယျ ဆိုးကျိုးငါးချက်ပဲရှိပါသေးတယ် ။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ် ။ (ဥပမာ အကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်က သဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့် လူမှုရေးပြဿနာများ (Social Problems)

“ သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင် တာဝန်မကျေပါဘူး ”

လုပ်ပြီဆိုမှတော့ ပီပီပြင်ပြင်ပေါ့ ။ ကဲ Living together ဘယ်တော့မှ အတူမနေဘူးဆိုရင်တော့ ဘာမှပြော စရာမရှိပါဘူး ။ ကဲ နေမယ်ရှင် ဆိုတဲ့မိန်းကလေးတွေအဖို့ ဘာတွေလုပ် သင့်သလဲဆိုတဲ့ အ ချက်တွေကို ရေးပေး လိုက်ပါတယ် ။

၁ ။ ကိုယ်ဝန်မရအောင် လုံးဝ ကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ ။

၂ ။ မိမိရဲ့ partner ကို ကွန်ဒုံးသုံးခိုင်းပါ ။ တချို့လူတွေက မိန်းကလေးဖက်ထည့်မတွက်ပဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ် ။ အဲဒီနေရာမျိုးမှာ မိန်းကလေးဖက်က ပြတ်ပြတ်သားသားအမိန့်ပေးပါ ။

၃ ။ ကဲ ရှုံးနိမ့်သွားပြီဆိုပါစို့ ။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့ ။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုတ်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ ။ သုတ်ရည်ကို မိမိ မိန်းမကိုယ် (vagina) ထဲမှာမလွှတ်စေပဲ အပြင်မှာ ထုတ်ခိုင်းပါ ။ဒီနည်းလမ်းကလည်း ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ် ၊ အပြင်မှာ လွှတ်ဆိုတာ သိပ်တော့လွယ်မယ်မထင်ပါဘူး ။

၎ ။ ကဲ နံပါတ် ၃အချက်ကိုလည်း ရှုံးနိမ့်ပြီး သုတ်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဆိုပါစို့ ။ ကိုယ်ဝန်မရအောင် အရေးပေါ်သန္ဓေတားဆေး သောက်ဖို့လိုပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ အလွယ်တကူ ၀ယ်လို့ရပါပြီ ။ Levonogestrel 0.75 mg ပါဝင်ပါတယ် ။ လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ စောစော စသောက်ရပါမယ် ။ ဆေး ၂ လုံးပါပါတယ် ။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။ ဆေးသောက်ပြီး လို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမယ် ။

၅ ။ ခဏခဏတော့ Living together အတူမနေမိပါစေနဲ့ ။ ဒါဆိုရင် အရေးပေါ်သန္ဓေတားဆေးကလည်း ကူညီပေးနိုင် မှာမဟုတ်ပါဘူး ။ ခဏခဏ နေမယ်စိတ်ကူးရှိရင် ရေရှည်စီမံကိန်း ဆွဲပါ ။ OC Pills လို့ခေါ်တဲ့ မြှားကဒ်လေးတွေသောက်မလား ၊ ၃ လခံဆေး 3 month depo injection ထိုးမလား ၊ IUD လို့ခေါ်တဲ့ သားအိမ် တွင်းထည့်ပစ္စည်းထည့်မလား သင်ကြိုက်ရာရွေးပါ ။

ချစ်ခြင်းမေတ္တာဆိုတာ sex နဲ့တွဲမှ လေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး ။ သူ့အလိုလို နားလည်ခွှင့်လွှတ် ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ ။

အထက်ပါအကြောင်းအရာများကို ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်း လင်းလင်း သိပြီး ရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ် ။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလျှက်.............။

(မရှင်းလင်းတာတွေ ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။ အတတ်နိုင်ဆုံး ပြန် လည်ဖြေပေးသွားပါ့မယ် ။ )

သက်တန့်ချို
23 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, 24 January 2012

ဟိန်းဝေယံ အဖေနှင့် ဝိုင်းစုခိုင်သိန်း ဖုန်းပြောကြခြင်း ( အသံဖိုင် )


ဝိုင်းစုခိုင်သိန်း နဲ့ ဟိန်းဝေယံ တို့ရဲ့ အချစ်မီး

အဆိုတော် ဝိုင်းစုခိုင်သိန်း နဲ့ သရုပ်ဆောင် ဟိန်းဝေယံရဲ့ ဖခင်အကြား ဝိုင်းစုနဲ့ ဟိန်းဝေယံတို့ ခိုးပြေးခဲ့ကြတဲ့ ကိစ္စနဲ့ ပတ်သက်ပီး အပြန်အလှန် ငြင်းဆို ပြောခဲ့ကြတဲ့ အသံဖိုင်ပါ။ ဒီအသံဖိုင်ကို Facebook စာမျက်နှာမှာ တင်ပီး ဖြန့် ခဲ့တာကြောင့် မြန်မာပရိတ်သတ်အကြား အထူးစိတ်ဝင်စားစရာ ဖြစ်နေတာပါ။ အသံဖိုင်ထဲမှာပြောတဲ့ စကားအရ ဝိုင်းစုနဲ့ ဟိန်းဝေယံ တို့ ခိုးပြေးခဲ့ကြတဲ့ ကိစ္စဟာ လွန်ခဲ့တဲ့ ၃နှစ်လောက်ကဖြစ်ပီး ဒီအသံဖိုင်ဟာလည်း အဲ့ဒီတုန်းက ဝိုင်းစုဖက်က record လုပ်ထားတဲ့ ဖိုင်လို့ သုံးသပ်သူတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဝိုင်းစုခိုင်သိန်း လက်ထပ်တော့မယ်လို့ သတင်းထွက်နေချိန် အခုလို ၃နှစ်တောင် ကြာခဲ့ပီးချိန်မှ ဒီအသံဖိုင်ကို ဘယ်သူက အင်တာနက်ပေါ် တင်ခဲ့သလဲ ဆိုတာကလဲ မေးခွန်း ထုတ်စရာပါ။ ၂၀၁၀ ဒီဇင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်း ပါ ဟိန်းဝေယံ နဲ့ အင်တာဗျူးမှာတော့ သရုပ်ဆောင် ယိန်းဝေယံက ချစ်သူလည်း မရှိဘူး ရည်းစားလဲ မရှိဘူးလို့ ဖြေထားတဲ့အပြင် ဘဝလက်တွဲဖော် ဘယ်တော့ရှာမှာလဲ မေးတဲ့မေးခွန်းအပေါ် ကြားရတာနဲ့ တောင် ကြက်သီးထတယ်လို့ ဖြေခဲ့ပါတယ်။

WyneSu by Erickimhttp://www.myanmarcelebrity.com

WyneSu by Erickim
Print this post

Monday, 23 January 2012

အချစ်ဆိုတာ...........

(၁) တကယ့်အချစ်ဆိုတာ ညည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။

(၂) တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ ချစ်ခင်ကြင်နာတတ်ရသလို ခွင့်လွှတ်နားလည်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ အမှားကိုပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံရဲရတယ်။

(၃) တကယ့်အချစ်ဆိုတာ အချင်းချင်း စူးစိုက်ငေးမောနေတာ မဟုတ်ဘူး။ ဦးတည်ရာတစ်ခုတည်းကို နှစ်ယောက်အတူ ကြည့်တာဖြစ်တယ်။

(၄) တကယ့်အချစ်ဆိုတာ လှပ ပြီးပြည့်စုံတဲ့လူကို ရှာဖွေတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့အကြည့်နဲ့ မလှပ၊ မပြည့်စုံသူကို နှစ်သက်တတ်အောင် သင်ယူတာဖြစ်တယ်။

(၅) လက်ချင်းတွဲပြီဆိုတာနဲ့ လမ်းခွဲဖို့စကားကို အလွယ်တကူ မပြောတော့ပါနဲ့။

(၆) အချစ်ဆိုတာ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါး အတူတကွ မျှဝေတာဖြစ်တယ်။

(၇) ဆုံးရှုံးသွားမှ တန်ဖိုးထားရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။

နာကျင်ထိခိုက်ပြီးမှ ခခယယ တောင်းပန်ရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။
တချို့အရာတွေက ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှ အစားပြန်မရနိုင်တော့ပါဘူး။

(၈) အထီးကျန်ချိန်မှ အချစ်ကို ချစ်မိသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။
အထီးကျန်လို့ချစ်တာ မဟုတ်ဘဲ အချစ်ကြောင့် အထီးကျန်တာကို မခံစားရတာပဲ ဖြစ်ပါစေ။

(၉) အချစ်က ထိခိုက်နာကျင်တာတွေအားလုံးကို ကုစားပျောက်ကင်းစေပါတယ်။

(၁ဝ) လူ့ဘဝတစ်သက်မှာ အရသာကင်း ပျင်းရိငြီးငွေ့တဲ့အချိန်၊ အခက်အခဲနဲ့ ကြုံတွေ့တဲ့အချိန်တွေ ရှိပါတယ်။ လူ့စိတ်အလိုမကျတဲ့ အခက်အခဲတွေကို ချိုးဖြတ်နိုင်တာ "အချစ်"ပါ။ အချစ်က လှပမှုတွေပေးသလို မျှော်လင့်ချက်ကိုလည်း ရှင်သန်စေပါတယ်။

(၁၁) အချစ်ရှိရင် အခက်အခဲဆိုတာ ဝန်တစ်ခု၊ ထမ်းပိုးတစ်ခု မဟုတ်တော့ပါဘူး။

(၁၂) လက်ရှိပိုင်ဆိုင်တဲ့အချစ်ကို တန်ဖိုးထားမြတ်နိုးတာဟာ ဟိုးဝေးဝေးက မရှိ၊ မဖြစ်သေးတာကို မျှော်မှန်းတမ်းတတာထက် ပိုအရာရောက်ပါတယ်။


အင်တာနက်ပေါ်က အချစ်လေးတွေပါ... ဘာသာပြန်မျှဝေခံစားပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အချစ်နဲ့ နားလည်မှု

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း
သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊
လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20110822/197585.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, 19 January 2012

အချစ်ဆိုတာ

“ တခါတရံအချစ်ဆိုတာ ဆပ်ပြာဘူဖောင်းတစ်လုံးနဲ့ တူတယ် နည်းနည်းလေး ထိလိုက်တနဲ့ဖျပ်ကနဲ ပြိုကွဲသွားရလောက်အောင် ကြေကွဲထိခိုက်လွယ်တယ် ”
 
 
 
 
 
 
 
 
မူရင်း - သက်တန့်ချို

Sunday, 15 January 2012

အချစ်

(၁) အချစ်ရှိတဲ့နေရာတိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေရှိတယ်။

(၂) အချစ်ဆိုတာ လိပ်ပြာတစ်ကောင်ပါ။ ပျံသန်းရာနေရာတိုင်းကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးတယ်။

(၃) တကယ်လို့ မင်းကိုလွမ်းတိုင်း ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင် ငါဟာ ပန်းခင်းထဲ အမြဲလမ်းလျှောက်နေသူဖြစ်မယ်။

(၄) အချစ်မြစ်ထဲ မျှောပါနေသူတိုင်းဟာ ကဗျာဆရာဖြစ်တယ်။

(၅) အကွာအဝေးက နှလုံးသားနှစ်ခုကို ပိုနီးကပ်စေတယ်။

(၆) တကယ်လို့ ညီမျှတဲ့အချစ် မရှိနိုင်ဘူးဆိုရင် ငါ့ဖက်က ပိုတိုးပြီး ချစ်ပါရစေ။

(၇) အချစ်ဆိုတာ ကျွန်တော်တို့ရင်ထဲမှာ ရှင်သန်နေတဲ့နွှယ်ပင်ဖြစ်တယ်။

(၈) အချစ်ဆိုတာ ဘဝကို အားသစ်တိုးစေတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။

(၉) တကယ်လို့ ကျွန်တော်တို့ကို ချစ်တဲ့လူမရှိခဲ့ရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုချစ်တတ်လိမ့်မှာ မဟုတ်ဘူး။

(၁ဝ) အချစ်ကြောင့်ရလာတဲ့ ဒဏ်ရာကိုကုသတဲ့ တစ်ခုတည်းသောနည်းက လူတွေကို ဆတိုးပြီးချစ်တာပါပဲ။

(၁၁) တကယ်လို့ ရူးရူးမိုက်မိုက်မချစ်ရင် အချစ်က အချစ်မမည်ဘူး။

(၁၂) အချစ်ရှိတဲ့ နှလုံးသားက အမြဲနုပျိုလန်းဆန်းတယ်။


(၁၃) စိတ်ဝိညာဉ်က အချစ်မရှိဘဲ မရှင်သန်နိုင်ဘူး။

(၁၄) ဘဝက တိုတောင်းတယ်ဆိုပေမယ့် အချစ်က အဓွန့်ရှည်တယ်။

(၁၅) ချစ်သူတွေရဲ့အကြည့်ထဲမှာ မိုင်(၁ဝဝဝ)ဆိုတဲ့ခရီးက နီးနီးလေးပါ။

(၁၆) အချစ်က အနွေးထည်တွေထက် အအေးဓာတ်ကို ပိုလုံစေတယ်။

(၁၇) အချစ်မရှိတော့ရင် ကမ္ဘာကြီးက သုဿန်ဖြစ်သွားတယ်။

(၁၈) ဒီလောကကြီးမှာ ယောက်ျားလေးအတွက် အဖိုးတန်ဆုံးပစ္စည်းဥစ္စာက မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားဖြစ်တယ်။

(၁၉) ကျွန်တော်တို့ရဲ့ဘဝထဲက နာကျင်မှုနဲ့ လေးလံတဲ့ဝန်တွေကို ပထုတ်ပေးတဲ့ စကားလုံးတစ်လုံးရှိတယ်။ အဲဒီစကားလုံးက "အချစ်" လို့ အမည်တွင်တယ်။

(၂ဝ) မင်းမရှိတဲ့နေ့ရက်တွေက စာမျက်နှာမရှိတဲ့ စာအုပ်နဲ့တူတယ်။

(၂၁) အချစ်ဆိုတာ ဘယ်တော့မှမငြိမ်းတဲ့ မီးအိမ်တစ်လုံးပါ။

(၂၂) တကယ်လို့ ဘဝဟာ ပန်းတစ်ပွင့်ဆိုရင် အချစ်က ပျားတစ်ကောင်ဖြစ်တယ်။

(၂၃) တစ်သက်မှာ တစ်ခါလောက်မချစ်ဖူးသူဟာ ဘဝမှာ မရှင်သန်ဖူးသူဖြစ်တယ်။

(၂၄) အချင်းချင်းချစ်နေကြတဲ့ နှလုံးသားနှစ်ခုမှာ စကားလုံးတွေ များများမလိုပါဘူး။

(၂၅) အချစ်ရှိရာကိုသွားတဲ့လမ်းက ဘယ်တော့မှ မရှည်လျားဘူး။

(၂၆) အချစ်ကိုချစ်ဖို့ အချိန်နှောင်းတယ်ဆိုတာ မရှိပါဘူး။

(၂၇) အချစ်ရှိတဲ့နေရာတိုင်းမှာ မျှော်လင့်ချက်ဆိုတာရှိတယ်။

(၂၈) လှတဲ့မိန်းကလေးတစ်ယောက်ကို သင်ချစ်မိချင်မှ ချစ်မိမယ်။ ဒါပေမဲ့ သင့်အချစ်ကြောင့် မိန်းကလေးဟာ လှပသွားတတ်တယ်။

(၂၉) အချစ်က ထာဝရပါ။ သွင်ပြင်လက္ခဏာ ပြောင်းရင်ပြောင်းသွားမယ်။ အနှစ်သာရကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။

(၃ဝ) အချစ်ဆိုတာ နေ့ရက်တွေကို ရေတွက်ဖြတ်ကျော်တာ မဟုတ်ဘူး။ နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းစေတာဖြစ်တယ်။

(၃၁) အချစ်ဆိုတာ ရက်ထည်တစ်ခုဖြစ်တယ်။ စိတ်ကူးနဲ့တန်ဆာဆင်ပြီး သဘာဝတရားအတိုင်း ရက်လုပ်တယ်။

(၃၂) ချစ်နေချိန်အတွင်းမှာ မိုက်မဲတဲ့အပြုအမူကလည်း ချစ်စရာကောင်းနေတတ်တယ်။

(၃၃) အချစ်တောင်းဆိုတဲ့ တစ်ခုတည်းသောလက်ဆောင်က အချစ်ပဲဖြစ်တယ်။

(၃၄) တစ်ကြိမ်တစ်ခါ စစ်စစ်မှန်မှန်ချစ်ခဲ့တဲ့ နှလုံးသားက ဘယ်တော့မှ မမေ့တတ်တော့ဘူး။

(၃၅) အချစ်ရဲ့အနွေးဓာတ်က မီးအပုံတစ်ထောင်ထက်တောင် ပိုပါသတဲ့။

(၃၆) အချစ်ကို ချစ်မိဖို့ခက်တယ်။ ဒါပေမဲ့ ချစ်မိပြီဆိုရင် မေ့ဖို့ ပိုခက်တယ်။


အချစ်အကြောင်းပြောနေချိန်မှာ အမုန်းတွေ ကြားဖြတ်ပြောရင် ဒါအချစ်မဟုတ်တော့ဘူး။

အချစ်အကြောင်းပဲ ပြောချင်တဲ့....


နိုင်းနိုင်းစနေ (ဘာသာပြန်သည်)

သစ်ပင်နဲ့ ငှက်



ငှက်ကပြောတယ်... "ငါသွားတော့မယ်.... တောင်ဖက်အရပ်မှာ နေရာသစ်ရှာဖို့ သွားတော့မယ်"

"သွားပါ.. အဲဒီအရပ်က နင့်ကိုနွေးထွေးမှုတွေ ပေးလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ နွေးထွေးတဲ့ငါ့ရင်ခွင် အမြဲရှိနေတယ်ဆိုတာကို နင်မမေ့ပါနဲ့" လို့ သစ်ပင်က မျက်ရည်အရွဲသားနဲ့ပြောတယ်။

ငှက်သွားလိုက်ပါပြီ....
သစ်ပင်က နွေဦးရာသီရဲ့ရောက်အရာကို စောင့်နေခဲ့တယ်။ နွေဦးနဲ့အတူ ငှက်ပြန်လာမယ်ဆိုတာကို သူယုံကြည်ထားလို့ဖြစ်တယ်။

ဒါပေမဲ့ အဲဒီနှစ်က ခါတိုင်းနှစ်ထက် နှင်းတွေပိုကျခဲ့တယ်။ သစ်ပင်ဟာ အေးစက်ခြင်း၊ အထီးကျန်ခြင်းထဲ အချိန်တော်တော်ကြာ လူးလှိမ့်ခံစားရင်း သေဆုံးသွားခဲ့တယ်။

"ဆောင်းရာသီတောင် ရောက်လာပြီပဲ.. နွေဦးရာသီ ဝေးနိုင်ဦးမလား?"

ဒီစကားကို သစ်ပင်သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ စောင့်မျှော်ခြင်းရဲ့တန်ဖိုးကို သူယုံကြည်ခဲ့တယ်။ နွေဦးရာသီက ချိန်းထားတာထက် နောက်ကျမှရောက်လာခဲ့တယ်။

ငှက်ပြန်လာပါပြီ.. ဒါပေမဲ့ သစ်ပင်ရဲ့အရိပ်အရောင်ကို သူမတွေ့ခဲ့ဘူး။ သစ်ငုတ်တိုလေးတစ်ခုကိုပဲ သူတွေ့ခဲ့တယ်။ သစ်ငုတ်ရင်းမှာ စာတချို့ကို ငှက်တွေ့လိုက်တယ်။

"ချစ်ခြင်းတွေ ဘယ်လောက်တာရှည်မယ်ဆိုတာ မသိပေမယ့်
အတူနေချိန်မှာ ပျော်ရွှင်ခဲ့ပါတယ်
သက်တမ်းနှစ် ပြည့်ချိန်နီးပြီမို့
နင့်ရဲ့လက်ကို ငါနောက်တစ်ကြိမ် ဆုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူး
ဒါပေမဲ့ နင့်အပြန်ကို ငါစောင့်နေခဲ့ပါတယ်...."

စာကို ငှက်ငြိမ်ငြိမ်ဆိတ်ဆိတ် ဖတ်နေမိတယ်။

ငှက်မှာ မျက်ရည်မရှိဘူးလို့ ဘယ်သူပြောမလဲ? လင်းလက်တဲ့နေရောင်အောက်မှာ ပြာလဲ့လဲ့ကောင်းကင်ကို သူမမြင်နိုင်ခဲ့ဘူး။ ဒီနှစ်ရဲ့ဆောင်းရာသီမှာ .. တောင်အရပ်ဆီ ငှက်ဆောင်းမခိုတော့ဘူး။ သစ်ငုတ်တိုဘေးမှာပဲ သူရှိနေခဲ့တယ်။ သူ့ကို သစ်ပင်လိုအပ်တယ်ဆိုတာကို သူသိလို့ဖြစ်တယ်။

လူတချို့ကပြောတယ်...
"ဒီသစ်ပင်ကို ခုတ်တုန်းက ထူးခြားတဲ့အသံကို ကြားရသတဲ့။ ဒါဟာ သစ်ပင်ရဲ့ငိုသံလို့ ပြောတယ်"
ဒါဟာ အချစ်အတွက် သစ်ပင်ရဲ့ကြေကွဲသံ၊ သစ်ပင်ရဲ့ နောက်ဆုံး ငိုညည်းသံပါလို့.........


မူရင်း -- http://www.duwenzhang.com/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, 12 January 2012

မတူထူးတဲ့ချစ်နည်း

မတူထူးတဲ့ချစ်နည်း

8642_view
8642_view
(၁)
နင့်ကို ငါပြောတယ် “ငါ ဒီနေ့လှေကားပေါ် တံမြက်စည်းလှဲတာ.. ပြုတ်ကျခါနီးလေးပဲ”
“အိုး.. သတိထားမှပေါ့ မိန်းမရယ်” လို့ နင့်ဆီကနှစ်သိမ့်တာကို ငါမျှော်လင့်ခဲ့ပေမယ့်
“နင် ဖြေးဖြေးမလှဲတတ်ဘူးလား” ဆိုတဲ့အဖြေကိုပဲ ငါရခဲ့တယ်။ ငါဝမ်းနည်းမိတယ်၊ နင် ငါ့ကိုမချစ်ဘူး။ ဂရုမစိုက်ဘူး။
နောက်တော့ လှေကားကခါတိုင်းထက် သန့်ရှင်းနေတာကို ငါသတိထားခဲ့မိတယ်။ ငါလှဲစရာမလိုအောင် သန့်ရှင်းလွန်းခဲ့တယ်။ နောက်မှသိရတာက အလုပ်မသွားခင် ငါးမိနစ်အချိန်ပေးပြီး ငါ့ကိုယ်စားလှဲခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။


(၂)
နင့်ကို ငါပြောတယ် “လမ်းမှာကားပျက်သွားလို့ ကားမှတ်တိုင်ရောက်ဖို့ နာရီဝက်ကြာ ငါလမ်းလျှောက်လိုက်ရတယ်”
“တက္ကစီစီးပြီး ပြန်ခဲ့ရော့ပေါ့.. ပင်ပန်းနေပြီလား” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“သိပ်မှမဝေးတာ.. လျှောက်ပေါ့။ ဝိတ်လျှော့တာနဲ့ တူတူပဲ” လို့ နင်ပြောခဲ့တယ်။ နင့်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုမိခဲ့တယ်။
နောက်တစ်နေ့မနက် စားပွဲပေါ်မှာ နင့်ကားသော့ကို ငါတွေ့လိုက်တယ်။ ငါ့အတွက် မနက်စာကို နင်စီစဉ်ခဲ့သေးတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
(၃)
နင့်ကို ငါပြောတယ် “ဟင်းကြော်တာ နည်းနည်းတူးသွားတယ်၊ နင်သည်းခံပြီး စားပေးနော်”
“အင်း.. ကိစ္စမရှိဘူး။ နင်ဘယ်လိုချက်ချက် ငါကြိုက်တယ်” ဆိုတဲ့ ကြင်နာသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“ကြည့်ရုံနဲ့ မစားချင်တော့ဘူး.. စားချင်စိတ်လဲ မရှိတော့ဘူး” လို့ နင်ပြောခဲ့တယ်။ နင့်ငါ့ကို နားမလည်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
နောက်တော့ သွန်ပစ်မယ်လို့ စိတ်ကူးထားတဲ့ဟင်းတွေ ပျောက်ပျောက်နေတာကို သတိထားလိုက်မိတယ်။ နောက်တော့ နင့်နှုတ်ခမ်းဘေးမှာ၊ နင့်အနံ့အသက်မှာ ဟင်းနံ့တွေ ငါရခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ နားလည်မှုပေးတယ် ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
(၄)
နင့်ကို ငါပြောတယ် “ငါ့ဆံပင်တွေ ကျွတ်လိုက်တာ.. ဆရာကတော့ စိတ်မပူနဲ့လို့ ပြောတာပဲ။ ဂတုံးဖြစ်သွားမှာတောင် စိုးတယ်”
“စိတ်မပူပါနဲ့.. နင့်ဆံပင်တွေများနေတာပဲ။ ဂတုံးဖြစ်လောက်တဲ့အထိ မကျွတ်နိုင်ဘူး” ဆိုတဲ့ အားပေးသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“ကိုယ့်ဆံပင်ကျွတ်တာကို ခုမှသိတာလား၊ ကြမ်းပြင်ပေါ်မှာ နင့်ဆံပင်မွေးတွေချည်းပဲ၊ ညစ်ပတ်တယ်” လို့ နင်ပြောခဲ့တယ်။ နင် ကိုယ်ချင်းမစာဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
နောက်တော့ အိမ်ကကြမ်းပြင်ပေါ်မှာ ငါ့ဆံပင်မွေးတွေ အတွေ့နည်းသွားတယ်။ ဆံပင်မကျွတ်တော့ဘူးလို့ ငါဝမ်းသာနေတုန်း နင်ခရီးထွက်ရတယ်။ နင်မရှိမှ ကြမ်းပြင်ပေါ်က ဆံပင်မွေးတွေများခဲ့တယ်။ နောက်မှ ငါမသိအောင် ဆံပင်မွေးတွေကို နင်လှဲခဲ့တယ်ဆိုတာကို ငါသိလိုက်ရတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ငါ့စိတ်ချောက်ချားမှာကို နင်စိုးခဲ့တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
(၅)
နင့်ကို ငါပြောတယ် “သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဒီညအိမ်ပြန်နောက်ကျမယ်နော်”
“ဘယ်သူတွေပါလဲ? သတိထားနော်.. စောစောမပြန်နိုင်ရင် ဖုန်းမကြာမကြာဆက်ခဲ့နော်” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“နင့်သဘောပဲ.. စိတ်ချမ်းသာသလိုလုပ်” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
နောက်တော့ စိတ်တိုတိုနဲ့ နင့်ကိုရွဲပြီး မနက် ၃နာရီမှ ငါအိမ်ပြန်ခဲ့တယ်။ ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ နင့်ကိုမြင်မှ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်ဆိုတာကို ငါသိလိုက်တယ်။ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
(၆)
နင့်ကို ငါပြောတယ် “ငါ ဟိုဒင်းဖြစ်နေလို့ ဗိုက်အရမ်းအောင့်တယ်”
“သည်းခံလိုက်ပါ၊ တစ်ရက်၊ နှစ်ရက်ဆို ပြီးသွားမှာပါ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“မိန်းမတွေ သိပ်အလုပ်ရှုပ်တာပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
နောက်တော့ အိမ်ကအစားထည့်တဲ့ ဘီရိုမှာ ချောကလက်တွေ ပိုလာတာတွေ့လိုက်တယ်။ နင်ဝယ်လာပြီး နင်မစားခဲ့ဘူး။ မိန်းမသဘာဝမဖြစ်ခင် ငါ့အတွက် နင်ပိုဝယ်ထားတတ်တာကို ငါသတိထားလိုက်မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
(၇)
နင့်ကို ငါပြောတယ် “ဒါနင့်အတွက် ငါရွေးဝယ်ထားတဲ့ အနွေးထည်၊ နွေရာသီမှာ လျှော့ဈေးနဲ့ရောင်းလို့ ဝယ်ခဲ့တာ၊ ခုဆောင်းရောက်ပြီဆိုတော့ ဝတ်လိုက်ပါနော်၊ နင့်အတွက် ငါရဲ့ဆောင်းရာသီ လက်ဆောင်ပေါ့”
“ကျေးဇူးတင်ပါတယ်၊ နင့်အချစ်ကြောင့် ဒီဆောင်းမှာ ငါပိုနွေးထွေးတော့မယ်” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“ရာသီပြောင်းလျှော့ဈေးမှာ ဝယ်ခဲ့တဲ့ အပေါစားပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
နောက်တော့ ဆောင်းကုန်လို့ နွေရောက်တဲ့အထိ အဲဒီအင်္ကျီကို နင်မချွတ်ခဲ့ဘူး။ ရုံးတက်၊ ရုံးဆင်း နေ့တိုင်းနင်ဝတ်ခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
(၈)
နင့်ကို ငါပြောတယ် “ဒီနေ့ နားထောင်ခဲ့တဲ့ ဓမ္မတေးက အရမ်းကောင်းတာပဲ၊ နားထောင်ရင်း ခံစားရတယ်”
“ဘယ်စာအုပ်၊ ဘယ်အခွေထဲကလဲ၊ ငါတို့သွားရှာဝယ်ရအောင်လေ”ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“ဘယ်တေးဖြစ်ဖြစ် အတူတူပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။
နောက်တော့ ကက်ဆက်ထဲကနေ ရင်းနှီးတဲ့တေးသံကိုအမြဲ ကြားခဲ့ရတယ်။ စီဒီစင်ပေါ်မှာလည်း ခွေအသစ်တစ်ခွေ တိုးခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
(၉)
နင့်ကို ငါပြောတယ် “လမ်းထိပ်က ခေါက်ဆွဲသုပ်က အရမ်းစားလို့ကောင်းတယ်”
“ဟုတ်လား.. မနက်ဖြန်ကျရင် ငါတို့အတူတူသွားစားမယ်လေ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“တစ်ချိန်လုံး စားဖို့ချည်းတွေးနေတယ်၊ နင့်ကိုယ်လုံးကို နင်ပြန်အားနာအုန်း” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။
နောက်တော့ အဲဒီခေါက်ဆွဲသုပ်ကို မကြာခဏ နင်ဝယ်လာတတ်တာကို ငါသတိထားခဲ့မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
(၁ဝ)
နင့်ကို ငါပြောတယ် “နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့ ခင်ပွန်းကောင်းတစ်ဦးပါ”
“အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
“ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။
နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး နင်ပြုံးနေခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
နောက်ဆုံး ငါသဘောပေါက် နားလည်ခဲ့ပါတယ်၊ အေးတိအေးစက် ဂရုမစိုက်တတ်တဲ့ နင့်ခန္ဓာအောက်မှာ စကားလုံးတွေနဲ့ မဖော်ပြတတ်တဲ့ နွေးထွေးတဲ့၊ ငါ့အတွက်အချစ်တွေပြည့်နေတဲ့ အသဲနှလုံးတစ်စုံ ရှိတယ်ဆိုတာကို ငါနားလည်ခဲ့တယ်။ ငါ့ကိုနင်ချစ်တယ် ဒါပေမယ့် နင်ဖွင့်မပြောတတ်ခဲ့ဘူး၊ ဒါကလည်း လူများနဲ့မတူတဲ့ ငါ့ကိုချစ်တဲ့ နင်ရဲ့ချစ်နည်းတစ်မျိုးပေါ့နော်…
စာရေးဆရာမ နိုင်းနိုင်းစနေ ရေးသားထားခြင်းကိုဖော်ပြခြင်းဖြစ်ပါသည်။

အမုန်းမီးတွေ မပွားပါစေနဲ့

ရပါတယ်ကွာ.......ရပါတယ် မင်းသွားချင်ရင် သွားလိုက်ပါ ငါနေခဲ့ပါ့မယ်။ မင်းပျော်မယ်ထင်ရင် လုပ်လိုက်ပါ ငါအားပေးပါတယ်။ ဒီလို့ အချိန်တွေ ဒီလို့ နေ့ တွေဖြစ်လာမယ်ဆိုတာ ငါကြိုသိနေပါတယ်။ မင်းသဘောပါကွာ မင်းလမ်း မင်းလျှောက်စမ်း.. ငါ့လမ်းကိုလည်း ဖြောင့်ဖြောင့်တန်းတန်း ငါဆက်လျှောက်မယ်။ မင်းရဲ့ဟန်ဆောင်ခြင်းတွေ ငါသိလိုက်ရတဲ့အချိန် မှာ မင်းကို......အရမ်း မုန်းမိတယ်။ ◘◘◘◘◘

 

မုန်းတယ်......မုန်းတယ်ကွာ မင်း....မာယာများတယ် အကြင်နာတွေနဲ့.....အနိုင်ကျင့်တယ်။ ငါ့ကို......ရက်စက်တယ်။ အချစ်အကြောင်းကို နားမလည်တဲ့.....ငါ မင်းက ချစ်တတ်အောင်..........သင်ပေးတယ်။ အကြင်နာတွေမရှိတဲ့......ငါ ၊ မင်း.........ကြင်နာတတ်အောင် ပြုစားတယ်။ ခုတော့ ငါ့မှာ....မင်းကိုအမုန်းမီးတွေ လောက်မြိုက်နေပြီး။ မင်း......သိလား။ ◘◘◘◘◘ စိတ်နာတယ်ကွာ.....စိတ်နာတယ် မင်းနဲ စတွေ့ခဲ့တဲ့ နေရာလေးကို စိတ်နာတယ်။ မင်းနဲ့ ငါက ရည်းစားလည်းမဟုတ် ချစ်သူလည်း မဟုတ် ခဏတာတွေ့ ခဲ့ရတဲ့ လိမ်ညာခြင်း နဲ့  ခင်မင်မှု့  အိုကွာ ဒီဘဝမှာ မင်းနဲ့ အဝေးဆုံး နေရာမှာနေမယ်။ အမုန်းကိုရင်ဖွင့်  ခံစားချက်ကို နေရာပေးပြီး ဒီဘဝတော့ ...မင်းနဲငါ ဒီမျှပဲပေါ့ မင်း.....သိထား မင်းကို ဂရုစိုက်မိတာ မင်းရဲ့အချစ်ကို လိုချင်လို့  မဟုတ်ဘူး.. မင်းရဲ့ သံယောဇဉ်ကို တောင်းတနေတာ မဟုတ်ဘူး.. လက်တွေ့ဘဝမှာ မင်းက ဆရာမကြီးပေါ့။ ဒါပေ့မယ် မင်းဘယ်လောက်ဆရာမကြီးဖြစ်နေ နေ.. ငါ.........လုံးဝ ဂရုမစိုက်ဘူး တစ်ခုတော့  ပြောနိုင်တာရှိတယ်...မင်းကိုနောက်ထက် ဘယ်သူကမှ ထက်ပြီး အမုန်းမီးတွေ မပွားပါစေနဲ့ လို့  ဆုတောင်းပေးလိုက်မယ်။ ◘◘◘◘◘ ဒီလို့ နဲ့  .... ကောင်လေးနဲ့ ကောင်မလေး ဝေးခဲ့ပြီး နစ်တွေကြာလာခဲ့တယ် အချိန်တွေနစ်တွေသာ များလာတယ် ကောင်လေးအမုန်းတွေ ကောင်မလေးကိုထက်ပြီး တိုးတိုးလာတယ် ဘယ်တော့ များမှ အမုန်းမီးတွေ ဖြေဖျောက်နိုင်မှာလဲ.....??? ♥♥ အချစ်ဆိုတာ လက်တွေ့ ဘဝမှာ တစ်ဘက်လူကခံစားရတာဖြစ်ဖြစ် နစ်ယောက်လုံး ခံစားရတာဖြစ်ဖြစ် အချစ်ရဲ့ချိုမြိန်ခြင်းတွေ ခံစားရစဉ်ခဏတော့  အရမ်းကိုနုညံတယ်။ အရမ်းကိုနွေးထွေးတယ်။ အချစ်ကနေ အမုန်းတွေ ဖြစ်လာရင်တော့  ရင်ကွဲမတက် ခံစားရတယ်။ တကယ်တမ်း အချစ်ကြောင့်ပျော်ရွှင်တာပဲဖြစ်ဖြစ် အမုန်းကြောင့် ပူလောင်တာပဲ ဖြစ်ဖြစ် လူတွေရဲ့ ခံစားချက်ခြင်းက တူညီပါတယ်။ အချစ်ကြောင့် ပျော်ရွှ့င်ရတာလည်း သာယာတဲ့ ကြင်နာခြင်းမျိုး အမုန်းကြောင့် နာကျင်ရတာလည်း သံယောဇဉ်ကြောင့် ဖြစ်လာခဲ့တဲ့ အမုန်းမီးမျိုးပေါ့။ ♥♥ အချစ်စစ်အချစ်မှန် ဆိုတာ တကယ်ရှိပါသလာလို့ မေးလာရင် ရှိတော့ရှိမယ် ဒါပေ့မယ်...? အချစ်စစ် ဆိုတာဘာလဲ...? အချစ်စစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေးနိုင်ရမယ်။ တစ်ယောက်ဖြစ်နေတဲ့ ပြဿနာ တစ်ယောက်ဖြစ်နေတဲ့ ပျော်ရွှင်ခြင်းတွေကို အတူတူ မျှဝေခံစားပေးနိုင်ရမယ်။ အချစ်မှန် ဆိုတာဘာလဲ.....? အချစ်မှန်ဆိုတာ ကိုယ်ကချစ်နေရင် တစ်ဘက်သတ်ချစ်နေရ ကိုယ်ကပဲလိုက်ရော ပေးနေရတယ်။ သူကကိုယ့်ကို ဘာမှ လိုက်လျှောခြင်းတွေ မရှိဘူး။ သူကိုစိတ်ချမ်းသာအောင်ထားပေးတယ် ကိုယ့်ကိုကျတော့  နည်းနည်းလေးမှ မလှည့်ကြည့်ပေးဘူး။ ဘယ်လို့ ဖြစ်နေပါစေ ကိုယ်ကအချစ်မှန်နဲ့ ချစ်နေမိပြီးဆိုတော့  သူကိုနားလည်ပေးနိုင်ရမယ်။ ♥♥ မမေ့နိုင်တဲ့အမုန်း ထာဝရအမုန်းမီး မမေ့နိုင်တဲ့အမုန်းဆိုတာမျိုးက သူနဲ့ သံယောဇဉ် ဖြစ်လာခဲ့တဲ့အချိန်တွေ တော်တော်ကြာခဲ့တယ်။ သွားတူလာတူနေခဲ့တဲ့ သူမျိုးကိုမုန်းတဲ့ အမုန်းမျိုး သူသွားခဲ့တဲ့ နေရာတွေ အတူတူစားခဲ့တဲ့ အစားအစာတွေကို သတိရနေတဲ့ အမုန်းမျိုး လူတွေရှေ့မှာ မုန်းတယ်ပြောနေပေမယ့် သူရင်ထဲမှာ....... တကယ်မေ့မရလို့  နေ့စဉ်နေ့တိုင်း သတိရနေတတ်တာ ကို မုန်းပေးနေတာ.......မမေ့နိုင်တဲ့ အမုန်းပေါ့ ♥♥ ထာဝရအမုန်း ဘယ်တော့ မှသတိမရဘူး။ သူရှိတဲ့နေရာ သူစားတဲ့ အစာစားတွေကို လုံးဝလှည့်မကြည့်ပဲ ဝေးဝေးနေတယ်။ သူ့ထက် ငါပိုမုန်းနိုင်တယ်ဆိုပြီး မာန်မာနတွေထား...အမုန်းမီးတွေ တောက်လောင်နေတဲ့ ထာဝရအမုန်း ♥♥ အချစ်ဆိုတာ တကယ်မချစ်ပဲနဲ့ လိမ်ညာပြီးချစ်ရင် ကိုယ်တကယ်ချစ်လာတဲ့ အချိန်မှာ 1500ဆိုတဲ့ အချစ်စစ်က သင့်ကိုမျက်နှာသာ မပေးတော့ဘူး။ ကိုယ်ကျိုးတွေနည်းကုန်ပြီး စိတ်ဒုက္ခလှလှကြီးရပြီး.... အရူးတစ်ယောက်လို့  ဟိုးသွားရမလို့  ဒီသွားရမလို့  နဲ့  စိတ်ဖေါက်ပြန်သွားနိုင်တယ်။ ♥♥ တကယ်တမ်းလူလောကကြီးမှာ အချစ်ကိုရိုးရိုးလေး ချစ်နေရင် နားလည်ပေးနိုင်တဲ့ စိတ်ဓတ်မျိုတွေရှိနေခဲ့ရင် အမုန်းဆိုတာ ဖြစ်မလာတော့ ဘူုး။ ကိုယ်ကချစ်တာသေချာရင် သူကိုဂရုစိုက်ပေါ့... သူအကြိုက်ကိုလိုက် သူဖြစ်ချင်တာ ဖြည့်ဆည်းပေး ဒါပေ့မယ် ခံနိုင်ရည်ရှိဖို့တော့ လိုမယ်။ အချစ်ခံရတဲ့ကလည်း (သူငါကိုချစ်နေတာပဲ ငါလုပ်ချင်တာလုပ်မယ်။ သူကိုဂရုမစိုက်ဘူး။ မကျေနှပ်ရင် လမ်းခွဲလိုက် သူ့ထက်ချစ်တက်တဲ့သူကို တစ်နေ့နေ့တော့ ငါတွေ့ မှာပဲဆိုပြီး ကိုယ့်ကိုချစ်နေတဲ့ သူ့ကိုဂရုမစိုက်ပဲ ကိုယ်ဖြစ်ချင်တာကိုပဲ လုပ်နေတဲ့သူတွေ တကယ်အချစ်စစ်ကို လိုချင်တောင်းတလာရင် မရနိုင်တော့ပါဘူး။ ♥♥ အချစ်စစ်နဲ့ မတန်တဲ့ သူတွေကို အချစ်ကိုဖန်ဆင်ပေးတဲ့ အချစ်မြှားနတ်မောင်က သင့်ကို မာယာများသော ၊ ရက်စက်သော ၊ လိမ်ညာခြင်း နဲ့ အချစ်တွေကို ပြန်လည်မျှဝေပေးလိမ့်မယ်။ အဲ့ဒီအချိန်မှာတော့  သင့်ဟာ အချစ်ပင်လယ်ပြင်ကြီး မှာ မေခလာလည်းမကယ်နိုင်တော့ ဘူး။ သင့်တစ်ယောက်ထဲ လက်ပစ်ကူးပေတော့... သူငယ်ချင်းတို့လည်း ကိုယ့်ကိုအချစ်စစ်နဲ့ ချစ်နေတဲ့ သူကို ပြန်လည်ချစ်ပေးပါ။ ဂရုစိုက်ပေးပါ။ ကြင်နာယုယပေးပါ။ တစ်ဘဝမှာ တစ်ယောက်သာ ချစ်တက်ကြပါစေ။

တကယ်လို့ တစ်နေ့နေ့မှာ.....

တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?



တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ? အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ "ဟင့်.. မောင်နော်"လို့ ချွဲချွဲနွဲ့နွဲ့ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။ နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။ ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။ တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...


တကယ်လို့ တစ်နေ့နေ့မှာ နင့်နေ့စဉ်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါကောင်းခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။ ငါ့ရဲ့ခွင့်လွှတ်ခြင်း၊ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။ ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန် ကျခဲ့တဲ့မျက်ရည်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။

တကယ်လို့ တစ်နေ့နေ့မှာ နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။ ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို မမေ့ပါနဲ့။ ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတဲ့ ငါ့ခံစားချက်ကို မမေ့လိုက်ပါနဲ့။ နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ ငါမေ့လိုက်မှာ မဟုတ်ပါဘူး။ နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊ နင့်ရဲ့ ပျော်ရွှင်၊ နာကျင်တဲ့ခံစားချက်တွေ ငါမေ့မှာမဟုတ်ဘူး။ ခံစားချက်ကမ္ဘာထဲမှာ "မျှတ"တဲ့ စကားလုံးမရှိလို့ ဒါတွေအတွက် ငါဂရုမစိုက်ခဲ့ပါဘူး။ နင်နဲ့အတူရှိခဲ့တဲ့ နှစ်တွေ၊ လတွေက ငါ့မှတ်ဉာဏ်ထဲမှာ လှပတဲ့အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ။

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘဝထဲ ငါလုံးဝမရှိတော့တဲ့အခါ ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။ နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊ လွမ်းမှာကို ငါမလိုလားလို့ပါ။ ဒါတွေဟာ ငါ့ကိုချစ်လို့၊ ကြိုက်လို့ နင်နာကျင်လွမ်းဆွတ်တာ မဟုတ်မှန်းငါသိတယ်။ ဒါတွေက နေ့တိုင်း နင်ရနေတတ်တဲ့ ငါ့ရဲ့ဖုန်း၊ ငါ့ရဲ့voice message၊ ငါ့ရဲ့နားပူနာဆာ၊ ငါ့ရဲ့မှီတွယ်ချင်စိတ်တွေမှာ နင်အကျင့်ပါနေလို့ပါ။ လူတစ်ယောက်ဟာ သူ့ဘဝထဲမှာ သူမကြိုက်၊ မချစ်တဲ့သူတစ်ယောက်ယောက် ရှင်သန်ခဲ့ဖူးပြီး အဲဒီလူမရှိတော့တဲ့အခါ သူလည်း အနည်းအကျဉ်းတော့ နာကျင်ထိခိုက်တတ်သတဲ့။ ငါဟာ မကြာခဏ သဝန်တိုတတ်၊ ဒေါသထွက်တတ်၊ အတ္တကြီးတတ်ပြီး ငါချစ်တဲ့နင့်ကို တခြားလူလာချစ်မှာ မလိုလားသူဆိုပေမယ့် ငါမရှိတော့တဲ့အခါ နင့်ဘဝပိုသာယာဖို့၊ ပိုပျော်ရွှင်ဖို့ မျှော်လင့်ခဲ့ပါတယ်။

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့ရှေးဘဝ၊ ဒီဘဝမှာလည်း ငါမရှိတော့တဲ့အခါ၊ အစကတည်းက ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ငါ ဘာဆက်ဖြစ်မလဲ မသိခဲ့ဘူး! နင်ကတော့ နင်ပါပဲ... ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ဝမ်းနည်းကြေကွဲနေမယ့်ငါ့ကို နင်တွေ့လေမလား! နင့်ဘေးမှာငါမရှိတဲ့ ခံစားချက်ကို နင်ခံစားမိလေမလား! နင့်စိတ်ပျက်ဝမ်းနည်းတဲ့အခါ ငါနှစ်သိမ့်နိုင်တော့မှာ မဟုတ်ဘူး။ နင်စိတ်ထိခိုက်တဲ့အခါ နင်နဲ့လိုက်ပြီး ငါစိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။ နင်အသဲကွဲတဲ့အခါ နင်နဲ့လိုက်ပြီး ငါကြေကွဲနိုင်တော့မှာ မဟုတ်ဘူး။ အရင်က နင်နဲ့အတူ ငါလိုက်လုပ်ခဲ့သမျှကို နင်လည်းသတိမထားမိခဲ့ပါဘူး။ နင့်မှတ်ဉာဏ်၊ နင့်ဘဝ၊ နင့်ကမ္ဘာထဲမှာ ငါမရှိတော့တဲ့အခါ နင်နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။ နည်းနည်းလေးမှ ဝမ်းနည်းမှာမဟုတ်ဘူး။ ငါနဲ့ပတ်သက်သမျှ နည်းနည်းလေးမှ သတိရမှာမဟုတ်ပါဘူး။ ဒါတွေကို ငါကောင်းကောင်းနားလည်ခဲ့ပါတယ်။

ဒီလိုနေ့တစ်နေ့ကို ရောက်လာတဲ့အခါ ဝမ်းနည်းနာကျင်သူ၊ အသဲကြွေသူဟာ ငါပဲဖြစ်ခဲ့ပါတယ်။ ငါဟန်ဆောင်ကောင်းခဲ့တယ်၊ ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ကောင်းခဲ့ပါတယ်။ နင်ပြောခဲ့ဖူးတယ်... နင့်ဘဝမှာ ငါမရှိတော့တဲ့တစ်နေ့ နင်ဘာဖြစ်မယ်ဆိုတာကို နင်မသိဘူးတဲ့! ငါနားလည်ခဲ့ပါတယ်.. တကယ်တော့ ငါမကောင်းတာပါ။ နင့်ဘဝထဲ ငါမဝင်ခဲ့သင့်ဘူး။ နင့်ကမ္ဘာထဲ ငါမရှင်သန်ခဲ့သင့်ဘူး။ နင့်ကို တိတ်တခိုးချစ်၊ အရာရာကို ကျိတ်မှိတ်ခံ၊ နင့်ကို တိတ်တိတ်လေးစောင့်၊ နင့်ကိုတစ်ယောက်ထဲလွမ်းတဲ့သူပဲ ဖြစ်သင့်ခဲ့တာ။ ခုတော့ ဒါတွေကို ငါထုတ်ပြလိုက်တယ်၊ ဖော်ပြလိုက်တယ်။ နင်သိသွားတယ်၊ နားလည်သွားတယ်၊ ခံစားသွားတယ်.... အဲဒီနောက်တော့ နင့်ကိုငါ ခွဲထွက်သွားတယ်။

မနေ့ကရဲ့ရင်းနှီးမှုက ဒီကနေ့မှာတော့ သူစိမ်းဖြစ်ခဲ့ပါတယ်......


မူရင်း... http://www.duwenzhang.com/wenzhang/aiqingwenzhang/shanggan/20080723/13157.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။ (ဘာသာပြန်ရင်းနဲ့တောင် ငိုချင်လာတယ် အဟင့် !_! )
Related Posts Plugin for WordPress, Blogger...